၅ နှစ်သမီးနှင့် ၂၂ နှစ်အရွယ်အမျိုးသား မင်္ဂလာဆောင်ကို ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း

၅ နှစ်သမီးနှင့် ၂၂ နှစ်အရွယ်အမျိုးသား မင်္ဂလာဆောင်ကို ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း


----------------------

By ဒီဗွီဘီ 26 July 2017
 
ပါကစ္စတန်နိုင်ငံမှာ ကျင်းပတဲ့ ၅ နှစ်သမီးနဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသားတဦးတို့ရဲ့ မင်္ဂလာပွဲကို ရဲတွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ဒါပေမယ့် သူတို့ရောက်ရှိသွားချိန်မှာ မင်္ဂလာပွဲက ပြီးသွားခဲ့ပြီဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ ဇူလိုင် ၂၅ ရက်နေ့က ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ ပါကစ္စတန်နိုင်ငံ၊ ဒါခန်မြို့၊ ရာမန်ရှာကျေးရွာမှာ ဖြစ်ခဲ့တာပါ။

ရဲတွေဟာ သတို့သားဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် ဟာဘီဘူလာရှာနဲ့ သူ့ဖခင် မင်္ဂလာပွဲကျင်းပပေးသူ အသက် ၄၀ အရွယ် ကျေးရွာအကြီးအကဲ မော်လဝီ ကီဖေတူလာဘူတိုတို့နဲ့ သတို့သမီးရဲ့ မိခင်ဖြစ်သူတို့ကို ဖမ်းဆီးစစ်ဆေးခဲ့ရပါတယ်။

သူတို့အားလုံးကို ၂၀၁၃ ခုနှစ်၊ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ပြစ်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးသူငယ် ထိမ်းမြားလက်ထပ်မှုဟာ ရာဇဝတ်မှုမြောက်ပြီး လက်ထပ်ထိမ်းမြားနိုင်တဲ့ အသက်အရွယ် အပိုင်းအခြားကို ၁၈ နှစ်လို့ သတ်မှတ်ထားတာဖြစ်ကာ ပြစ်မှုအတွက် အများဆုံး ထောင်ဒဏ် ၃ နှစ်ထိ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါဟာ ရိုးရာထုံးတမ်းစဉ်လာအရ အိမ်ထဲက မိသားစုဝင်တဦးဦး မကြာသေးခင်က သေဆုံးသွားတာကြောင့် မိဘတွေက ဒီမင်္ဂလာပွဲကို စီစဉ်ကြတာဖြစ်တယ်လို့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ အချာယူတာ ရာအိုက ပြောပါတယ်။

“သူတို့ ဓလေ့ထုံးတမ်းတွေအရ အိမ်ထဲမှာ တယောက်ယောက် သေဆုံးသွားခဲ့ရင် ဆွေမျိုးသားချင်းတယောက်မှ မလာတော့ဘဲ မင်္ဂလာရှိတဲ့ ဧည့်ခံပွဲတခုခု ကျင်းပမှသာ ပြန်လည်ကူးလူး ဆက်ဆံလေ့ရှိတာမျိုးပါ” လို့ အချာယူတာ ရာအိုက ပြောပါတယ်။
Powered by Blogger.