မိန်းကလေးများ မသိသေးတဲ့ ECee2 နှင့် ဆိုးကျိုးများ အများသိအောင် Share ပေးပါ။

မိန်းကလေးများ မသိသေးတဲ့ ECee2 နှင့်  ဆိုးကျိုးများ အများသိအောင် Share ပေးပါ။




■ ဟိုဆေးရှိလား၊ အရေးပေါ်တားဆေး တစ်ကတ်လောက်ပေးပါ ■
ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာက ၂၄ နာရီ ဖွင့်တဲ့ မီနီမတ်ဆိုင်လေးအတွင်းက ဆေးမျိုးစုံ တင်ထားတဲ့စင်နေရာကို စကတ်တိုတိုဝတ်ထားတဲ့ ပိန်ပိန်ပါးပါးပုံစံ ဆယ်ကျော်သက်မိန်းကလေးငယ်တစ်ဦး ဝင်လာတယ်။ သူက အရောင်းဝန်းထမ်းအမျိုးသမီးကို ခပ်တိုးတိုး လှမ်းမေးလိုက်တယ်။
အစ်မ ဟိုဆေးလေး မရှိတော့ဘူးလား၊ ဒီနေရာမှာ မတွေ့လို့လို့ ပါးစပ်ကရေရွတ်ရင်း ဆိုင်အတွင်း အကဲခတ်ကြည့်ပါတယ်။ အရောင်းဝန်ထမ်းအမျိုးသမီးက ထိုင်နေရာက မတ်တတ်ရပ်လျှောက်လာပြီး ဆေးကောင်တာစင်ပေါ်က ပစ္စည်းတွေကို ကောက်ကိုင်ရင်း ရှာဖွေပေးနေပါတယ်။ ညီမ အဲဒီဆေး မရှိတော့ဘူး၊ တစ်လမ်းကျော်ကဆိုင်မှာ သွားဝယ်ပါလားလို့ ပြန်ပြောလိုက်ပါတယ်။ ပိန်ပိန်ပါးပါးနဲ့ ကောင်မလေးက တစ်ချက်ငြိမ်သွားတယ်။ ခေါင်းငိုက်စိုက်ချပြီး ဆိုင်အပြင်ဘက်ဆီကို လေးလံတဲ့ ခြေလှမ်းတွေနဲ့ ထွက်သွားပါတယ်။ ကောင်မလေးပုံစံကို ရုတ်တရက်ကြည့်လိုက်ရင် ကလေးတစ်ယောက်လို့ ထင်မှတ်ထားရပေမယ့်​ သူလာဝယ်တဲ့ဆေးကတော့ လူငယ်တွေကြားမှာ အသုံးများလာတဲ့ ၇၂ နာရီအရေးပေါ် သန္ဓေတားဆေး ဖြစ်နေပါတယ်။

အခုအခါ သည်ဆေးကို အိမ်ထောင်ရှင် လူလတ်ပိုင်းတွေ၊ အိမ်ထောင်မရှိသေးတဲ့သူတွေသာမက အသက်မပြည့်သေးတဲ့ မိန်းကလေးတွေပါ သုံးစွဲလာကြပြီလို့ သိရပါတယ်။ အရေးပေါ်သန္ဓေတားဆေးလို့ လူသိများတဲ့ ECee 2, Pill 72 ဆေးကတ်ဘူး အသေးလေးတွေဟာ ဈေးကွက်ထဲမှာ အရောင်းရဆုံးပစ္စည်းတွေထဲက တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ သည်ဆေးဘူးလေးတွေထဲမှာ ဆေးကတ်လေးတစ်ခု ပါဝင်ပြီး ဆေးအဖြူရောင်အသေးစား ၂ လုံး ပါပါတယ်။ ဆေးတစ်လုံးကို ပထမတစ်ခါသောက်ပြီး နောက်တစ်လုံးကိုတော့ ပထမဆေးနဲ့ ၁၂ နာရီခြားပြီး သောက်ရပါတယ်။
ဗိုလ်ချုပ်ဈေးသစ်က အာရောဂျံဆေးမျိုးစုံဆိုင်က ဦးသက်နိုင်က ပိတ်ရက်တွေနဲ့ ချစ်သူများနေ့တွေမှာ တအားရောင်းနေရတယ်၊ အလွယ်တကူ ဝယ်သောက်နေကြတာ၊ အန္တရာယ်များတာ သူတို့မသိကြဘူး၊ စာစောင်တွေမှာ ပညာပေးအနေနဲ့ ထည့်မှရတော့မယ်လို့ ပြောပါတယ်။ သည်လိုဆေးတွေပေါ်တာ ၅ နှစ်လောက်ရှိပါပြီလို့ ဆေးအရောင်းဆိုင်အချို့က ဆိုတယ်။

■ ဆိုးကျိုးမသိကြ
သည်ဆေးဟာ မှတ်ပုံတင်ထားတဲ့ ဆေးအမျိုးအစားဖြစ်တယ်။ နေရာမျိုးစုံမှာ အလွယ်တကူ ဝယ်ယူနိုင်ကြပေမယ့်​ သည်ဆေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သေသေချာချာ မသိကြပါဘူး။ သည်ဆေးကတ်လေးရဲ့ ဈေးနှုန်းဟာ ကျပ် ၈၀ဝ ကနေကျပ် ၁၆၀ဝ အထိ ရှိပါတယ်။ ရပ်ကွက်ထဲက မုန့်ဆိုင်တွေ၊ ဆေးဆိုင်တွေ၊ မီနီမတ်တွေမှာ အလွယ်တကူ ဝယ်ယူလို့ရတယ်လို့ ဗိုလ်ချုပ်ဈေးသစ်မှာ ဆေးမျိုးစုံရောင်းချနေတဲ့ ဆေးဆိုင်ပိုင်ရှင် ကိုဝင်းက ပြောပါတယ်။

သူက –
“ဘယ်တတ်နိုင်မှာလဲ။ တားမြစ်ထားတဲ့ဆေးမှမဟုတ်တော့ လာဝယ်လည်း ရောင်းနေရတာပါပဲ။ ဆိုင်မှာတော့ အသက်မပြည့်သေးတဲ့ ကလေးတွေကို မရောင်းပါဘူး။ သူတို့ တစ်လွဲသုံးမှာကိုတော့ စိုးရိမ်တယ်”
လို့ ပြောတယ်။ တချို့ဆေးကတ်တွေမှာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ အညွှန်းပါဝင်ပေမယ့်​ ဆေးကတ်အများစုကတော့ မြန်မာလို မရေးထားပါဘူး။

အမျိုးသမီးတွေ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၁၂ နာရီအတွင်း သည်ဆေးကို သောက်သုံးရင် ပိုမိုထိရောက်ပြီး ၃ ရက်အတွင်း သောက်သုံးဖို့ လိုအပ်ပါတယ်။ အရေးပေါ်အခြေအနေမှသာ သောက်သုံးရမှာဖြစ်ပေမယ့်​ တချို့က သည်ဆေးတွေကို သန္ဓေတားဆေးအနေနဲ့ စွဲသုံးနေတာဟာ အလွန်အန္တရာယ်များတယ်လို့ အထူးကုဆရာဝန်ကြီးတွေက ဆိုပါတယ်။

အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာစိုးမင်းကတော့ ဒီဆေးတွေကို အသက် ၁၈ နှစ်ပြည့်ပြီးသူ အိမ်ထောင်ရှင်တွေ အရေးပေါ်သန္ဓေတားဖို့ လိုအပ်တဲ့အချိန်မှသာ သုံးစွဲသင့်တယ်။ လိုအပ်တာထက် ပိုသုံးစွဲခဲ့ရင် သားအိမ်ရောဂါတွေအပြင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်နိုင်တယ်လို့ သတိပေးပြောကြားပါတယ် ။

သူက –
“နိုင်ငံတကာမှာတော့ သူတို့နိုင်ငံရဲ့ဘာသာစကားနဲ့ ဆေးအညွှန်းကို ဖော်ပြထားတယ်။ ဒီနိုင်ငံမှာတော့ အဲဒီလိုလုပ်နိုင်ရင် ပိုကောင်းတယ်။ ဆိုင်တွေမှာလည်း ၁၈ နှစ်အောက် မရောင်းရတို့၊ ရောင်းတဲ့အခါမှာ အကျိုးအကြောင်းလေးပြောပြတာတို့ လုပ်ရမယ်။ ပြီးတော့ ဒီဆေးက တစ်လ (၁)ကြိမ်လောက်ပဲ သုံးသင့်တာပါလို့ ရှင်းပြပါတယ်။ သည်ဆေးဟာ ကိုယ်ဝန်မရအောင် အရေးပေါ်တားတဲ့ဆေးဖြစ်ပြီး အခြားလိင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါကို မကာကွယ်နိုင်ဘူးလို့ သိရပါတယ်။

■ အန္တရာယ်များတယ်
သည်ဆေးကို လူငယ်တွေကြားမှာ အရေးပေါ်သန္ဓေတားဆေးလုံး ၇၂ နာရီဆေးလို့သာ သိကြပေမယ့်​ ဘယ်လောက်အထိ အန္တရာယ်များတယ်ဆိုတာ သိရှိသူတွေ နည်းတယ်လို့ ကိုယ်တွေ့ကြုံခဲ့ဖူးတဲ့ အင်န်ဂျီအိုတစ်ခုမှာ အလုပ်လုပ်နေတဲ့ မသူသူက ပြောပြတယ်။ မသူသူဟာ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ အလုပ်များသူဖြစ်တာကြောင့် နေ့စဉ်သောက် တားဆေးစားတာ၊ ဆေးထိုးတာတွေမလုပ်ဘဲ အတူနေပြီးချိန် သောက်လေ့ရှိပါတယ်။
ဆေးသောက်ပြီး ၆ လအကြာမှာ နေ့စဉ်ရက်ဆက် ပျို့အန်လာတာ၊ ဝမ်းဗိုက်တအားနာလာတာတွေကြောင့် သားဖွားမီးယပ်အထူးကုကို ပြသတဲ့အခါမှာမှ သည်ဆေးတွေ ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ သိလာရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရတာကို ပြောပြတယ်။

သူက ကျွန်မလို အိမ်ထောင်ရှင် ဘွဲ့ရသူတောင် ဆေးညွှန်းတွေကို သေချာမဖတ်ဘဲ သောက်မိတာ။ အသက်မပြည့်တဲ့ ကလေးတွေသောက်ရင် ဘယ်လောက်အန္တရာယ်များမလဲ။ ဆရာဝန်လက်မှတ်ပါမှ ပေးရောင်းသင့်တယ်။ အခုက အလွယ်တကူဝယ်ရနေတာ မြင်မကောင်းဘူး။ လမ်းတွေမှာလည်း ဆေးခွံတွေ ဒီအတိုင်း တွေ့နေရတယ်လို့ ပြောတယ်။ လှိုင်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးကတော့ သူ့ရဲ့အမျိုးသားဟာ အမြဲမရှိတာကြောင့် ကြိုတင်ကာကွယ်တဲ့ တားဆေးတွေမသုံးဘဲ အတူနေပြီးချိန်မှသာ သည်ဆေးကို အလွယ်တကူ ဝယ်သောက်လေ့ရှိတယ်လို့ ဆိုပါတယ်။ သည်ဆေးကို ဝယ်တဲ့အချိန်မှာ ကိုယ်တိုင်မဝယ်ဘဲ အိမ်မှာရှိနေတဲ့ ကလေးတစ်ယောက်နဲ့ ဆေးနာမည်ရေးပြီး ဝယ်ခိုင်းလေ့ရှိတယ်။

အထူးကုဆရာဝန်ကြီးအချို့ကတော့ သည်ဆေးဟာ အတင်းအဓမ္မ မုဒိမ်းကျင့်ခံခဲ့ရတဲ့ ကလေးတွေနဲ့ ကလေးယူလို့မရတဲ့ အိမ်ထောင်ရှင်တွေ အကာအကွယ်မဲ့ လိင်ဆက်ဆံမိတဲ့အချိန်မှသာ သုံးစွဲသင့်တာကြောင့် မှတ်ပုံတင်ထားတဲ့ သည်ဆေးတွေကို လွတ်လပ်စွာ ဝယ်ယူရောင်းချခွင့်ရှိတယ်လို့ သူတို့အမြင်ကို ပြောပါတယ်။

■ ပညာပေး လိုအပ်
အထူးကုသမားတော်ကြီး ဒေါက်တာစိုးမင်းက ဒါကတော့ သုံးစွဲတဲ့အပေါ်မှာပဲ မူတည်တာပါ။ ဆေးနဲ့ပတ်သက်ပြီး အထက်တန်းကျောင်းသားတွေနဲ့ တက္ကသိုလ်စဖွင့်တဲ့အချိန်မှာ စပြီး ပညာပေးသင့်တာပေါ့လို့ ပြောပါတယ်။ သည်ဆေးလုံးလေး ၂ လုံးဟာ အလွယ်တကူဝယ်လို့ရတာကြောင့် တချို့လက်မထပ်ရသေးတဲ့ စုံတွဲတွေဟာ ကွန်ဒုံးအစား၊ သည်ဆေးတွေသာ သောက်နေကြတယ်လို့ မေးမြန်းချက်တွေအရ သိရပါတယ်။

မထင်မှတ်ဘဲ အတူနေမိချိန်မှာ ကွန်ဒုံးအဆင်သင့်မရှိတာကြောင့် လိင်ဆက်ဆံပြီးချိန်မှာ သည်ဆေးကို အမျိုးသားတွေက ဝယ်ယူပြီးတိုက်ကြတယ်လို့ တတိယနှစ် ကွန်ပျူတာကျောင်းသားတစ်ဦးက ပြောတယ်။ သူက ဒါက ကွန်ဒုံးဝယ်တာကမှ ခက်သေးတယ်။ လူသိသေးတယ်။ ဒီဆေးက စတိုးဆိုင်မှာ အခြားပစ္စည်းတွေနဲ့အတူ ဝယ်လိုက်ရုံပဲလေ။ ဝယ်ရတာ ဈေးလည်း တန်တယ်လို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ မိသားစုတွေကို အခမဲ့ကုသပေးနေတဲ့ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းမှာ ဆေးကုသပေးနေတဲ့ ဒေါက်တာခင်သန်းဦးက သည်ဆေးတွေကို လူငယ်တွေကြားမှာ သုံးစွဲနေတာဟာ အမျိုးသမီးတွေရဲ့ နောင်ရေးအတွက် လွဲမှားနေတဲ့အယူအဆဖြစ်တာကြောင့် ပညာပေးဖို့လိုအပ်သလို ကိုယ်ပိုင်အသိစိတ်ဓာတ်နဲ့ ထိန်းသိမ်းသင့်တယ်လို့ ပြောပါတယ်။ သူက ကြိုတင်ကာကွယ်ဖို့ မလွယ်တဲ့အချိန်တစ်ခါ ၂ ခါလောက်သာ သုံးရမယ်။ ရေရှည်မှာ သုံးရင် ဆိုးကျိုးတွေသိဖို့ အရေးကြီးတယ်။ အလွယ်တကူရလို့ အလွယ်တကူဝယ်လို့ရတော့ အလွယ်တကူ ပေါက်သွားတာပေါ့။ အဓိကကတော့ အကျင့်စာရိတ္တနဲ့ ထိန်းရမှာလို့ ဆိုပါတယ်။

Powered by Blogger.