ဘင်္ဂလားဒေ့ရှ်တွင် ဘင်္ဂါလီဒုက္ခသည်များအား မိုဘိုင်းဖုန်းအသုံးပြုခွင့် ပိတ်ပင်



ဘင်္ဂလားဒေ့ရှ်အစိုးရက လုံခြုံရေးဆိုင်ရာ စိုရိမ်မှုများကြောင့် ဘင်္ဂါလီဒုက္ခသည်များ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) သို့ မိုဘိုင်း ဖုန်းဆက်သွယ်ရေးများ မရောင်းချကြရန် ဆက်သွယ်ရေး ကုမ္ပဏီများကို ပိတ်ပင်ထားကြောင်း စက်တင်ဘာ ၂၄ ရက်တွင် အစိုးရအရာရှိများက ပြောကြားခဲ့သည်။
ထိုကဲ့သို့ ပိတ်ပင်ထားသည့် ကာလအတွင်း မြန်မာဘက်မှရောက်ရှိလာသည့် ဒုက္ခသည် ၄၃၀,၀၀၀ နီးပါးအား မိုဘိုင်းဖုန်း အစီအစဉ်များ ပေးပါက ဒဏ်ကြေးချမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှ မိုဘိုင်ဖုန်း ဆက်သွယ်ရေး လုပ်ငန်းလေးခုကို ခြိမ်းခြောက်ထားသည်ဟု သိရသည်။ “နောက်ထပ် အစီအစဉ်တစ်ခု မချမှတ်မချင်း ဒုက္ခသည်တွေအနေနဲ့ ဘာဆင်းမ်ကတ်မှ ၀ယ်လို့ မရနိုင်ပါဘူး”ဟု ဆက်သွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

လုံခြုံရေး အကြောင်းပြချက်များကြောင့် နိုင်ငံမဲ့ မွတ်စလင်ဒုက္ခသည်တို့ကို ဆက်သွယ်ရေးဖြတ်တောက်ရန် စက်တင်ဘာ ၂၃ ရက်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆက်သွယ်ရေးကဏ္ဍ၏ အငယ်တန်းဝန်ကြီး တာရာနာဟယ်လင်က ပြောကြားခဲ့သည်။

ယခင်ကတည်းက ဘင်္ဂလားဒေ့ရှ်တွင် ပြည်တွင်းပေါက်စစ်သွေးကြွများ၏ အဖွဲ့အစည်းနှင့် ဆောင်ရွက်မှုများကိုဖျက်ဆီးရန် ရည်ရွယ်ပြီး တရားဝင် သက်သေခံအထောက် အထားမပြနိုင်သည့် နိုင်ငံသားများကိုပင် ဆင်းမ်ကတ်ရောင်းချခွင့် ပိတ်ထားခြင်းဖြစ်သည်။

အသစ်ရောက်လာကြသည့် ထိုဒုက္ခသည်များအား သက်သေခံကတ်ပြားများ ထုတ်ပေးပြီးပါက ယခုဆင်းမ်ကတ် ရောင်းခွင့် ပိတ်ပင်မှုကို ဖယ်ရှားပေးနိုင်မည်ဟု ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေးအာဏာပိုင်တို့က ဆိုသည်။ စစ်တပ်၏ ထုတ်ပြန်ချက်အရ ထိုသက်သေခံ ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်သည် ခြောက်လခန့်ကြာမြင့်မည်ဟု သိရသည်။
writer: Ref: AFP
Credit to Eleven Media Group
Photo Credit##
Unicode
Powered by Blogger.